ပင်မစာမျက်နှာ > သတင်းများ

ဥရုဂွေးသမ္မတ Yamandu Orsi ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သို့ လာရောက်လည်ပတ်

Updated: 2026-03-02

ဥရုဂွေးသမ္မတ Yamandu Orsi သည် ဖေဖော်ဝါရီလ ၄ ရက်က ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သို့ လာရောက်လည်ပတ်ခဲ့သည်။ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် ပါတီကော်မတီ အတွင်းရေးမှူး Li Hai၊ ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး၊ ပါမောက္ခချုပ် Jia Wenjian၊ ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်၊ ဒုတိယပါမောက္ခချုပ် Zhao Gangဥရုဂွေးနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Huang  Yazhong၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန လက်တင်အမေရိကနှင့် ကာရစ်ဘီယံရေးရာဌာနမှ သံမှူး Zhang Wenwei၊  တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာန နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့် ဖလှယ်ရေးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် Zhang Jin တို့ အခမ်းအနားသို့ တက်ရောက်ကြသည်။


နံနက် ၉ နာရီတွင် Orsi သည် ၂၀၁၃ ခုနှစ်က ဥရုဂွေးသမ္မတဟောင်း Mujica စိုက်ပျိုးခဲ့သော တရုတ်-ဥရုဂွေး ချစ်ကြည်ရေးသစ်ပင်ရှေ့သို့ ရောက်ရှိလာခဲ့ပြီး Li HaiJia Wenjian တို့နှင့်အတူ သစ်ပင်အတွက် မြေသြဇာ ထည့်ကာ ချစ်ကြည်ရေးသစ်ပင်ဆိုင်းဘုတ်အသစ်ကို ဖွင့်လှစ်ပေးခဲ့သည်။ Li Hai သည် Orsi အား ချစ်ကြည်ရေးသစ်ပင် ပြုစုစောင့်ရှောက်ခြင်းအသိအမှတ်ပြုလက်မှတ် ပေးအပ်ခဲ့သည်။

ထို့နောက် Orsi နှင့် အဖွဲ့သည် Wenhua ခန်းမဆောင်သို့ ရောက်ရှိလာပြီး ပေကျင်းရှိ စပိန်ဘာသာစကားပညာရေးကို ဆောင်ရွက်သောတက္ကသိုလ်၊ အလယ်တန်းနှင့် အထက်တန်းကျောင်း ၁၆ ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများနှင့် တွေ့ဆုံဖလှယ်ခဲ့ကြသည်။ ယင်းတွေ့ဆုံပွဲကို Jia Wenjian မှ ကြီးမှူးကျင်းပခဲ့သည်။

Li Hai သည် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်ကိုယ်စား အမှာစကား ပြောကြားရာတွင် သမ္မတ Orsi ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သို့ အလည်အပတ်ရောက်ရှိလာခြင်းအား ကြိုဆိုနှုတ်ဆက်ခဲ့သည်။ ၎င်းက ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သည် ဥရုဂွေးနိုင်ငံနှင့် အမြဲတစေ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ်မှုများ ထိန်းသိမ်းထားခဲ့ကြောင်း၊ ဥရုဂွေးနိုင်ငံရှိ တက္ကသိုလ်များ၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဖလှယ်ဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် မျှော်လင့်ကြောင်း၊ နှစ်နိုင်ငံ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုကို ကျွမ်းကျင်သည့်၊ တရုတ်-ဥရုဂွေး ချစ်ကြည်ရေးကို မြှင့်တင်သည့် လူငယ်လူရွယ်သံတမန်များကို ပိုမိုပျိုးထောင်မွေးထုတ်ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Orsi က မိန့်ခွန်း ပြောကြားရာတွင် နိုင်ငံများအကြား ကောင်းမွန်တည်ငြိမ်ခိုင်မာသောဆက်ဆံရေး၏ အဓိကအချက်မှာ အပြန်အလှန် ယုံကြည်မှု ဖြစ်ကြောင်း၊ ပညာရပ်ဆိုင်ရာဖလှယ်မှုများသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ တရုတ်-ဥရုဂွေး၊ တရုတ်-လက်တင်အမေရိကအကြား ပညာရပ်ဆိုင်ရာဖလှယ်မှုများသည် အနက်ရှိုင်းဆုံး ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပြီး ပြည်သူချင်း စိတ်ချင်း ချိတ်ဆက်‌ရေးကို ခိုင်မာစေရန် အခြေခံအုတ်မြစ် ဖြစ်ကြောင်း၊ နှစ်ဖက်စလုံးအနေဖြင့် အပြန်အလှန် အတွေ့အကြုံများမှ သင်ယူလေ့လာကာ အသိအမြင်နားလည်မှုနယ်နိမိတ်များကို ကျော်လွှား၍ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆွေးနွေးမှုများမှတစ်ဆင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပူးတွဲမြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဖော်ပြခဲ့သည်။

မိန့်ခွန်းအပြီးတွင် Orsi သည် တက်ရောက်လာသော ဆရာဆရာမ၊ ကျောင်းသူကျောင်းသားများနှင့် အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့သည်။ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် ဆရာဆရာမ၊ ကျောင်းသူကျောင်းသားများကိုယ်စား Li Hai က သမ္မတ Orsi အား အဆိုပါတက္ကသိုလ်၏ စပိန်-ပေါ်တူဂီ ဘာသာစကားနှင့် စာပေဌာနမှ ကျောင်းသားများ ဖန်တီးရေးဆွဲထားသော တရုတ်-ဥရုဂွေး ချစ်ကြည်ရေးသစ်ပင်ပန်းချီကားတစ်ချပ်ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

အခမ်းအနား မစတင်မီတွင် Orsi သည် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၏ စပိန်ဘာသာ အထူးပြု သင်ကြားရေးနှင့် ဖလှယ်ရေးဆိုင်ရာ အောင်မြင်မှုပြပွဲသို့ လှည့်လည်ကြည့်ရှုခဲ့ပြီး ကိုယ်တိုင်စာတန်းရေးသားပေးခဲ့သည်။ ထို့နောက် တက္ကသိုလ်မှ စပိန်ဘာသာ အထူးပြု ကျောင်းသူကျောင်းသားများက တစ်ကိုယ်တော်သီချင်းဆိုဖျော်ဖြေခဲ့ရာ ပရိသတ်၏ လက်ခုပ်သြဘာသံများ ရရှိခဲ့သည်။

ဥရုဂွေး နိုင်ငံခြားရေးဝန်ကြီး Lubetkin၊ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Cabral၊ မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းဝန်ကြီး Fratti စက်မှု၊ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီး Cardona အပါအဝင် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။