Beijing Foreign 

Studies University

အဆင့်မြင့်ဘာသာပြန် ကောလိပ်

发布时间:2019-05-15

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် အဆင့်မြင့်ဘာသာပြန်ကောလိပ်သည် ၁၉၉၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး၊ ၎င်း၏မူလကနဦးအမည်မှာ ကုလသမ္မဂအဖွဲ့ကြီးနှင့် ပြည်တွင်းဌာနဆိုင်ရာများအတွက် ကျွမ်းကျင် ဘာသာပြန် စုစုပေါင်း (၇၀၀)ကျော် မွေးထုတ်ပေးခဲ့သော၊ ၁၉၇၉ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ကုလသမ္မဂဘာသာပြန်လေ့ကျင့်ရေးဌာန(အတန်း)ဖြစ်ပါသည်။ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် အဆင့်မြင့်ဘာသာပြန်ကောလိပ်သည် ကောင်းမွန်သောအစဉ်အလာနှင့် ထူးချွန်ပြောင်မြောက်သည့်အောင်မြင်မှုများရှိသည့်အပြင်၊ နိုင်ငံတကာတွင် ကျယ်ပြန့်သော နာမည်ဂုဏ်သတင်းများရှိကာ၊ ကုလသမ္မဂအဖွဲ့အစည်း၊ အခြားနိုင်ငံတကာအဖွဲ့အစည်းများနှင့် ရင်းနှီးကျွမ်းဝင် သောဆက်ဆံရေးများ ထိန်းသိမ်းထားရှိပါသည်။ ကျွန်ုပ်တို့ကောလိပ်သည် ကုလသမဂ္ဂအဖွဲ့ကြီးအတွက် တရုတ်ဘာသာပြန်စာမေးပွဲများ အကြိမ်များစွာကျင်းပပေးလေ့ရှိပါသည်။ ထို့အတူ ဟောင်ကောင် (Hong Kong)၊ မကာအို (Macao)၊ စင်္ကာပူ၊ WTO – တရုတ်စီမံကိန်း၊ တရုတ်ပြည်တောင်သူလယ်သမားဘဏ် (Agricultural Bank of China)၊ တရုတ်ရေနံကုမ္ပဏီ ဌာနချုပ် (China Petroleum Corporation) နှင့် ကွမ်ရှီးပြည်နယ် (Guangxi Province) ကျွမ့်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ (Zhuang Autonomous Region) အစိုးရအဖွဲ့ အစရှိသော ပြည်တွင်းပြည်ပအဖွဲ့အစည်းများအတွက် အဆင့်မြင့်ဘာသာပြန်များအား လေ့ကျင့်သင်တန်းပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့ကောလိပ်တွင် ကျွမ်းကျင်အချိန်ပြည့်ဆရာ (၂၂)ဦး၊ ကျောင်းတွင်းအချိန်ပိုင်းဆရာ ပါမောက္ခ (၃)ဦး၊ ကျောင်းပြင်ပဖိတ်ကြားထားသော ဧည့်သည်တော် ပါမောက္ခ (၂)ဦးတို့ရှိပါသည်။ အချိန်ပြည့်ဆရာများ အားလုံးသည် ကုလသမဂ္ဂ နယူးယောက်ရုံးချုပ်၊ ဂျီနီဗာ ဥရောပရုံးချုပ်၊ ကုလသမဂ္ဂပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)၊ နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း (International Labour Organization)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အစရှိသော အဖွဲ့အစည်းများ၌ စကားပြန်ဘာသာပြန် (Oral Interpretation and Written Translation) လုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး၊ ပြည်တွင်းပြည်ပ အသီးသီးတွင် ကျင်းပသော နိုင်ငံတကာအစည်းအဝေးပွဲများအတွက် ဘာသာပြန်ဝန်ဆောင်မှုလုပ်ငန်းများ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသောကြောင့်၊ အတွေ့အကြုံ ကြွယ်ဝလှပါသည်။

ကျွန်ုပ်တို့ကောလိပ်သည် နှစ်စဉ်မဟာဝိဇ္ဇာတန်းကျောင်းသားများ လက်ခံသင်ကြားပေးလျက်ရှိပါသည်။ အထူးပြုဘာသာရပ်များမှာ တရုတ်-အင်္ဂလိပ် တပြိုင်နက်ဘာသာပြန်ခြင်း (Simultaneous interpretation)၊ ဘာသာစကားအမျိုးမျိုး တပြိုင်နက်ဘာသာပြန်ခြင်း (Simultaneous Interpretation of complex language) (တရုတ်-အင်္ဂလိပ် + ဂျာမန်/ ရုရှား/ ပြင်သစ်/ စပိန်/ ကိုရီးယား/ ထိုင်း)နှင့် ဘာသာပြန်မဟာဝိဇ္ဇာ (MTI)တို့ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့ကောလိပ်သည် ဘာသာပြန်သုတေသနနှင့် ဘာသာဗေဒသုတေသနပိုင်းဆိုင်ရာ ပါရဂူဘွဲ့သင်ကျောင်းသားများလည်း လက်ခံသင်ကြားပေးလျက်ရှိပါသည်။ ယခုလက်ရှိ ကျွန်ုပ်တို့ကောလိပ်တွင် နိုင်ငံခြားသားပညာတော်သင် ကျောင်းသားအပါအ၀င် ဘွဲ့လွန်ပညာသင်ကြားနေသောကျောင်းသား စုစုပေါင်း (၂၂၀)ဦး ရှိပါသည်။ ကျောင်းသားများ ပညာသင်ကြားစဉ်ကာလအတွင်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဘာသာပြန်အဖွဲ့အစည်းများထံသို့ လက်တွေ့ ကွင်းဆင်းရန် အခွင့်အရေးများ ရရှိကြပါသည်။ ကျောင်းသားများ ဘွဲ့ရရှိပြီးနောက် အလုပ်အကိုင်ရရှိလေ့ရှိသော အဓိကဌာနများမှာ နိုင်ငံတော်ဌာနဆိုင်အရာအသီးသီး၊ ပြည်နယ်အစိုးရ နိုင်ငံခြားရေးရုံးများ၊ နိုင်ငံဖြတ်ကျော် ကုမ္ပဏီများနှင့် နာမည်ကျော်ကျောင်းများ ဖြစ်ကြပါသည်။

ကျွန်ုပ်တို့ကောလိပ်သည် နိုင်ငံတကာရှိ တက္ကသိုလ်များမှ ဘာသာပြန်ကောလိပ်များ အစည်းအရုံး (CLUTI) အဖွဲ့ဝင်ဖြစ်သည့်အပြင်၊ ကုလသမဂ္ဂ တစ်ကမ္ဘာလုံးဆိုင်ရာ အင်အားဖြည့် လူတော်လူကောင်းများ မွေးထုတ် ပေးရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသော ကျောင်းများထဲတွင် ပါဝင်ပါသည်။

လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC