Beijing Foreign 

Studies University

BFSU အကြောင်း

2019年04月15日


ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သည်ပေကျင်းဟိုင်တရန့်ခရိုင်၌တည်ရှိကာ အနောက်ကျောင်းဝန်းနှင့်အရှေ့ကျောင်းဝန်းဟူ၍ ကျောင်းဝန်းနှစ်ခုခွဲခြားထားပါသည်။ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရေးဝန်ကြီးဌာန၏တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိပြီး ‘၉၈၅’ပညာရပ်ပိုင်းဆိုင်ရာဆန်းသစ်ထူးချွန်အဆင့်ရှိတက္ကသိုလ်ဖြစ်သည့်အပြင် နိုင်ငံတော်၏ ပထမဆုံး ‘၂၁၁’ စီမံကိန်းရှိ တစ်နိုင်ငံလုံးဆိုင်ရာတက္ကသိုလ်များတွင် အဓိကတက္ကသိုလ်တစ်ခုအဖြစ် ပါဝင်ခဲ့ပါသည်။

ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်ကြီးရဲ့သမိုင်းအစမှာ ၁၉၄၁ ခုနှစ်တွင် တည်ထောင်ခဲ့သော ဖက်စစ်ဂျပန်ဆန့်ကျင်ရေးနှင့် နိုင်ငံရေးတက္ကသိုလ်၏ တတိယကျောင်းခွဲဖြစ်ပြီး ရုရှားဘာသာစကား သင်ကြားသော ကျောင်းတစ်ခုဖြစ်ခဲ့ပါသည်။ ထို့နောက် ဗဟိုပါတီ၏ဦးဆောင်မှုအောက်တွင် ယန်အန်းနိုင်ငံခြားဘာသာသိပံ္ပအမည်ဖြင့် ကောလိပ်ကျောင်းအဖြစ် ပြောင်းလဲတည်ထောင်ခဲ့ပါသည်။ တရုတ်ပြည်သစ်တည်ထောင်ပြီးနောက် ကျောင်းတော်ကြီးမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၏အုပ်ချုပ်မှုအောက်တွင်ရှိပြီး ၁၉၅၄ ခုနှစ်တွင်  ပေကျင်းနိုင်ငံခြားဘာသာသိပံ္ပအမည်သို့ ပြောင်းလဲခဲ့ပြီး ၁၉၅၉ ခုနှစ်တွင် ပေကျင်းရုရှားဘာသာသိပံ္ပနှင့် ပူးပေါင်း၍ ပေကျင်းနိုင်ငံခြားဘာသာသိပံ္ပကောလိပ်အသစ်တည်ထောင်ခဲ့ပါသည်။ ၁၉၈၀နှစ် နောက်ပိုင်းတွင် တရုတ်နိုင်ငံပညာရေးဝန်ကြီးဌာန၏ အုပ်ချုပ်မှုအောက်တွင်ရှိခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ပေကျင်းနိုင်ငံခြားဘာသာသိပံ္ပမှ  ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်အဖြစ်သို့ အဆင့်မြှင့်တင်ခဲ့ပါသည်။ ယခုအခါတွင် နိုင်ငံခြားဘာသာ ၆၇ မျိုးကို သင်ကြားပို့ချပေးလျက်ရှိပြီး Ph.D(ပါရဂူဘွဲ့)များ သင်ကြားပို့ချပေးနိုင်သည့် ဘာသာရပ်များမှာ နိုင်ငံခြားဘာသာစာပေ၊ တရုတ်ဘာသာစာပေ ၊ သတင်းမီဒီယာ ၊ နိုင်ငံရေး ၊ဥပဒေ ၊ သိပံ္ပနှင့် စက်မှုပိုင်းဆိုင်ရာစီမံခန့်ခွဲရေးစသည့် ဘာသာရပ်များဖြစ်ပါသည်။

ကျောင်းတော်ကြီး၏ရည်ရွယ်ချက်မှာ နိုင်ငံခြားဘာသာစကား ထူးချွန်တတ်ကျွမ်းသော ကျောင်းသားများ ပျိုးထောင်ပေးရန်၊ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်(BFSU)၏ထူးခြားချက်ကိုပေါ်လွင်စေရန်နှင့် အရည်အချင်းပြည့်မီ၍ ထူးချွန်ထက်မြက်သော ကျောင်းသားကျောင်းသူများ ပျိုးထောင်ပေးရန် တို့ဖြစ်ပါသည်။ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၏ ဆောင်ပုဒ်မှာဗဟုသုတကြွယ်ဝအောင် လေ့လာသင်ယူဆည်းပူးရမည်၊ လေ့လာသင်ယူဆည်းပူးထားသည့် အသိပညာများကို အတတ်ပညာအဖြစ်သို့ ပြောင်းလဲလက်တွေ့အသုံးချနိုင်ရမည် ဟူ၍ဖြစ်ပါသည်။ ယင်းရည်ရွယ်ချက်၊ ဆောင်ပုဒ်များနှင့်အညီ ကျောင်းတော်ကြီးတည်ထောင်ပြီးသည်မှစ၍နှစ်ပေါင်း ၇၄ နှစ်အတွင်းတွင်နိုင်ငံတော်တိုးတက်ရေးလုပ်ငန်းစဉ်များ၌လိုအပ်သော နိုင်ငံခြားဘာသာစကားနှင့် နိုင်ငံတကာဆက်ဆံရေးကျွမ်းကျင်သူ ကိုးသောင်းကျော်ကိုမွေးထုတ်ပေးခဲ့ပါသည်။ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်မှဘွဲ့ရပြီးသူများအနက် နိုင်ငံခြားရေးရာဝန်ကြီးဌာန၌နိုင်ငံခြားတွင်သံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်သူ ၄၀၀ ကျော်၊ ကောင်စစ်ဝန်အဖြစ်တာဝန်ထမ်းဆောင်သူ ၁၀၀၀ကျော်ရှိပါသည်။ ထိုကြောင့် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်ကို နိုင်ငံခြားရေးရာအရာရှိများအား ပြုစုပျိုးထောင်ပေးသည့် ပျိုးခင်းဟူ၍တင်စားခေါ်ဝေါ်သမုတ်ကြပေသည်။




လိပ်စာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ အနောက်ဟိုင်တရန့်ရပ်ကွက်၊ စာတိုက်အမှတ်100089။

နိုင်ငံတကာနှီးနှောဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန:

ကွန်ဖြူးရှပ်အင်စတီကျူရုံးခန်း

နိုင်ငံခြားပညာတော်သင်များ၏ကျောင်းသားရေးရာရုံးခန်း

ကျောင်းရုံး

Copyright@BFSU.Support by ITC